ချစ်သူများနေ့ Valentine's Day အခမ်းအနားကို မြင်းခြံမြို့တွင် ကျင်းပ

posted 27 Feb 2014, 06:11 by MANDALAY CATHOLIC ARCHDIOCESE   [ updated 27 Feb 2014, 06:16 ]
ချစ်သူများနေ့ Valentine's Day အခမ်းအနားကို မြင်းခြံမြို့တွင် ကျင်းပ

ချစ်သူများနေ့ Valentine's Day အခမ်းအနားကို မြင်းခြံမြို့တွင် 14.2.2014 ညနေ ၆း၃၀ နာရီတွင် လုဒ်စ်မယ်တော်ဂူရှေ့ စိတ်ပုတီး 20 စိတ်၍ ခန်းမတွင် အဖွင့်မေတ္တာဖြင့် စတင်ကာ လူငယ်များမှ ကိုယ်တော်ခေါ်ရာ နှုတ်ဆက်တေးဖြင့် နှုတ်ဆက်၏။

ချစ်သူများနေ့၏ အသဲနှလုံး ဆောင်ပုဒ်မှ ဘုရားသခင်ကို ချစ်တယ်၊ ကမ္ဘာကြီးကို ချစ်တယ်၊ ဖိုးဖိုးဖွားဖွားကို ချစ်တယ်၊ ဖေဖေ မေမေကို ချစ်တယ်၊ အားလုံးကို ချစ်တယ်၊ မင်းကို ချစ်တယ် စသဖြင့် ဖော်ညွန်း၍ ကျောင်းထိုင်ဖာသာရ်ပြုံးချိုမှ Valentine's Day နှင့် ပတ်သက်၍ ကမ္ဘာတစ်ဝှမ်း၊ မြန်မာပြည်၊ မြင်းခြံ တစ်မြို့လုံး ပွဲကျင်းပ၍ အရုပ်လက်ဆောင်၊ ချောကလက်များ၊ ပို့စကဒ်များ အပြန်အလှန်ပေးခြင်း၊ ရဟန္တာ Valentine ၏ ချစ်သူများ  လက်ထပ်ပေးခဲ့ခြင်းကြောင့် ရောမဧက္ကရဇ် ဘုရင် ဒုတိယမြောက် ကလောဒီးယူးစ်မှ ခေါင်းဖြတ်သတ်ခဲ့၏။

ဖေဖော်ဝါရီ ၁၄ရက်နေ့တွင် အချစ်စာများ ရေးသားပေးပို့သော ဓလေ့သည်  ငှက်ကလေးများသည် ဆောင်းကာလတလျှောက်လုံးတွင် ချစ်ရေးဆိုခြင်းများ မပြုလုပ်နိုင်ခဲ့ကြသော်လည်း သံဗာလင်တိုင်း၏ ပွဲနေ့ ပြန်လည်ဆုံစည်းကြရ၏ ဟူသော ယုံကြည်ချက်ကို အခြေခံထားကြောင်း သြ၀ါဒ မိန့်ကြား၏။

လူငယ်မောင်မယ်များ၊ အာဒန်၏ နံရိုးပိုင်ရှင်ကို ပေါင်မုန့်တလုံးစီ မဲနှိုက်ရွေးချယ်ရာ မောင်ထူးဝေအောင်နှင့် မယမင်းတို့ ရွေးချယ်ခံရပြီး ချစ်သူများနေ့ LOVE အင်္ကျီ နှစ်ထည် လက်ဆောင်ရရှိပြီးနောက် အတူတွဲ အင်္ကျီ ၀တ်ဆင် လမ်းလျောက်ကာ Valentine's Day ချစ်သူများနေ့ကို ပီပြင်စေခဲ့ကြ၏။

ချစ်သူများနေ့ တက်ရောက်သူ ၂၀၀ခန့်အား  လဘက်ရည်၊ မုန့်ကြွပ်တို့ဖြင့် ကျွေးမွေးခဲ့၏။ ကလေးများ၏ တေးသရုပ်ဖော် အကများ၊ Fr. ပြုံးချို၏ စက်ခေါင်းအမှတ် ၀၀၅ CDOK သီချင်း  တစ်ဦးစီနှင့် စုံတွဲသီချင်းများ ပျော်ပျော်ပါးပါး ဆင်နွဲခဲ့ကြ၏။

နီလာစမိုင်းလ်(ရေဦး)
Comments