Trinta Star သီချင်းဆို ပြိုင်ပွဲ ဒုတိယအဆင့်ကို ပြင်ဦးလွင်မြို့တွင် ကျင်းပ

posted 9 May 2016, 21:12 by MANDALAY CATHOLIC ARCHDIOCESE   [ updated 9 May 2016, 21:14 ]
မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူထုဆက်သွယ်ရေး ကော်မရှင်နှင့် လူငယ်ကော်မရှင်တို့၏ ဦးစီး ဦးဆောင်မှုဖြင့် Trinta Star သီချင်းဆို ပြိုင်ပွဲ ဒုတိယအဆင့်ကို မန္တလေး ဂိုဏ်းချုပ်သာသနာအတွင်းရှိ စိန့်အာလော့ရှက်စ် အခြေခံရဟန်းဖြစ်သင်ကျောင်း ပြင်ဦးလွင်မြို့တွင် (8-5-2016)နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ ပြိုင်ပွဲသို့ မန္တလေး လားရှိုး ဗန်းမော် ကလေး မြစ်ကြီးနား သာသနာတို့မှာ ရွေးချယ်ခံထားရသော လူငယ်မောင်မယ် ၂၃ ဦး ပါဝင် ယှဉ်ပြိုင်သီဆို ခဲ့ကြပါသည်။

ပြိုင်ပွဲတွင် ဒိုင်လူကြီးများအဖြစ် တေးရေး/ဆို ဦးဆယ်ရယ် CCAA မှ ကိုဖရယ်ဒီ အိမ်မက်စုံရမှာ ကိုစော Noel တို့မှ ဒိုင်လူကြီးများအဖြစ် ပါဝင် အမှတ်ပေးခဲ့ကြပါသည်။ ဒုတိယအဆင့်တွင် ပြိုင်ပွဲဝင်၂၃ ဦးထဲမှ ဆန်ကာတင် ၁၀ ဦးကို ဒိုင်လူကြီးများမှ အမှတ်ပေး စည်းမျဉ်းအရ ရွေးချယ်ရာ ပထမအဖြစ် ဗန်းမော်သာသနာမှ ကိုဂျွန်ဇော်ရိန်အောင် မှ ၂၂၉ မှတ်၊ ဒုတိယအဖြစ် မြစ်ကြီးနားသာသနာမှ မဟယ်လင် ဆိုင်းလဲန်းလု မှ ၂၂၆မှတ်၊ တတိယအဖြစ် ကလေးသာသနာမှ ကိုသောမတ်စ်မှ ၂၁၅မှတ်၊ စတုတ္ထအဖြစ် မန္တလေးမှ ကိုဂျိုးဇက် ဖိုးလုံးမှ ၂၁၅မှတ်၊ ပဉ္စမအဖြစ် ဗန်းဗော်မှ မဂျူစတီးနား မှ ၂၀၈ မှတ် ဆဌမအဖြစ် လားရှိုးမှ ကိုရော်ဘင်မှ ၂၀၃မှတ်၊ သတ္တမအဖြစ် မန္တလေးမှ နဒီမောင်မောင်ဌေးမှ ၂၀၁မှတ်၊  အဌမအဖြစ် မန္တလေးမှ မာဂရက်အေးမာမှ ၁၉၅မှတ်၊ နဝမအဖြစ် ကလေးမှ Ma Josephine မှ ၁၉၅မှတ်၊ ဒသမအဖြစ် မန္တလေးမှ S ဆိုင်းလုပန်မှ ၁၉၄မှတ်တို့ဖြင့် တတိယအဆင့် ပထမအကျော့ပြိုင်ပွဲသို့ တက်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ် ခံခဲ့ရပါသည်။

ရွေးချယ်ခံရသူများထဲမှ Joseph ဖိုးလုံးမှ ရင်တွင်းစကားပြောကြားရာတွင် ဘုရားသခင် ကျေးဇူးတော်ကြောင့်သာ ဖြစ်ကြောင်း ရွေးချယ်မခံရသော သူငယ်ချင်းများလည်း စိတ်ဓာတ် မကျစေလိုကြောင်း မိမိတို့အနေဖြင့်လည်း တော်သည့်အနေဖြင့် ရွေးချယ်ခံရခြင်း မဟုတ်ကြောင်း ဘုရားသခင်ဆီမှ ရှိသော ကျေးဇူးတော်ကြောင့်သာ ဖြစ်ကြောင်း ဘုရားသခင်ခံမှာ ကျေးဇူးတော်တောင်းခံရန် တိုက်တွန်းလိုကြောင်း ပြောပြခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူထုဆက်သွယ်ရေးနေ့၏ [50] ကြိမ်မြောက်ကို ဂုဏ်ပြုသောအားဖြင့် အနုပညာရှင်များသည် လှပခြင်းကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သူများ လူသားထုအတွက် မျှော်လင့်ချက်၏ သက်သေခံသူများ ကြေညာဟောပြောသူများ ဖြစ်ကြောင်းကို နှလုံးမူကာ ဘုရားသခင်၏ ဘုန်းတော်နှင့် အများအကျိုး သယ်ပိုး ဆောင်ရွက်နိုင်စွမ်းရှိသည့် ကက်သလစ်အနုပညာရှင်များစွာ ပေါ်ထွက်လာစေရန်အတွက် ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူထုဆက်သွယ်ရေး ဒါရိုက်တာ ဖာသာရ်လေအိုမန်ထံမှ သိရှိရပါသည်။ တတိယအဆင့် ပထမအကြော့ကို (16-7-2016)နေ့၌ ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီးသာသနာတို့မှ ဒုတိယအဆင့်တွင် ရွေးချယ်ခံထားရသူ (၃၀)ဦးသည် ကက်သလစ်သာသနာ မှထုတ်သော ဓမ္မသီချင်းများကို ကာရာအိုကေဖြင့် ယှဉ်ပြိုင် သီဆိုကြရမည်ဖြစ်သည်ဟုလည်း Fr.leo Mang ထံမှ သိရှိရပါသည်။

ပင်ကီ [Mdy - O.S.C]
9-5-2016

Comments