မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဓမ္မတေးသီချင်းဆိုပြိုင်ပွဲ တတိယအဆင့်(ပ)ကြော့ ပြိုင်ပွဲ ကျင်းပခြင်းသတင်း

posted 20 Jul 2016, 01:54 by MANDALAY CATHOLIC ARCHDIOCESE   [ updated 20 Jul 2016, 01:54 ]
မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဓမ္မတေးသီချင်းဆိုပြိုင်ပွဲ တတိယအဆင့်(ပ)ကြော့ ပြိုင်ပွဲ ကျင်းပခြင်းသတင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဓမ္မတေးသီချင်းဆိုပြိုင်ပွဲ တတိယအဆင့်(ပ) ကြော့ပြိုင်ပွဲကို ဇူလိုင်လ(၁၆)ရက်နေ့က ရန်ကုန်မြို့ အင်းစိန် စိန်ပီတာစိန်ပေါလ်ဘုရာကျောင်းတွင် နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြပါသည်။ပြိုင်ပွဲသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူထုဆက်သွယ်ရေးနှင့် ပြန်ကြားရေး ဒါရိုက်တာ ဖာသာရ်လေအို၊ မန္တလေးသာသနာ လူထုဆက်သွယ်ရေးနှင့် ပြန်ကြားရေးရုံးမှ ဒါရိုက်တာ Fr.Henry Bran Mai, စစ္စတာရ်ဆေးဖော၊ ဗန်းမော်သာသနာ လူထုဆက်သွယ်ရေးနှင့် ပြန်ကြားရေးရုံးမှ Fr.တူးဂျာ၊ အမှတ် ပေး ဒိုင်လူကြီးများအဖြစ် ကက်သလစ် အနုပညာရှင်များအဖွဲ့မှ ဦးဆစ်ရယ်၊ ဒေါ်နွဲ့ယဉ်ဝင်း ၊ဦးရယ်ဂျီ၊ အစီအစဉ် တင်ဆက်သူအဖြစ် နိုင်ငံကျော် အဆိုတော်တေးသံရှင် ဆိုင်းနော်တို့နှင့် အတူ ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်ခဲ့ကြပါသည်။

အဆိုပါပြိုင်ပွဲတွင ရန်ကုန်၊ မန္တလေး၊ တောင်ကြီးဂိုဏ်းချုပ်သာသနာ ဒုတိယအဆင့် ပြိုင်ပွဲမှ ရွေးချယ်ခံ ထားရသူ (စုစုပေါင်း ၃၀)ဦးထဲမှ (၂၉)ဦးသည် တတိယအဆင့် (ပ)ကြော့ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ တတိယအဆင့် (ဒု) ကြော့သို့ တက်ရောက်ရန်(၁၀)ဦးကို ပြန်လည် ရွေးချယ်ခဲ့ရာ ပြည်သာသနာမှ မောင်ဆလိုင်းလသွေးဥာဏက (၂၂၅)မှတ်၊တောင်ငူသာသနာမှ မောင်အင်ဒြူးက (၂၂၅)၊ လားရှိုးသာသနာမှ မောင်ရော်ဘင်က(၂၂၅)မှတ်၊ မန္တလေးသာသနာမှ မောင်ဖိုးလုံးက (၂၂၄)မှတ်၊ ပုသိမ်သာသနာမှ မောင်စနောဧက(၂၂၄)မှတ်၊ တောင်ငူသာသနာမှ မမေရီက(၂၂၄)မှတ်၊ ရန်ကုန်သာသနာမှ မောင်ကောင်းက (၂၂၄)မှတ်၊ ပုသိမ်သာသနာမှ မဆိုဖီယာ နန့်လှမြတ်မွန်က (၂၂၃)မှတ်၊ ဗန်မော် သာသနာမှ မောင်ဂျွန်ဇော်ရိန်အောင်က (၂၂၂)မှတ်၊ မန္တလေးသာသနာမှ မအက်စ်ဆိုင်းနူးပန်က (၂၂၁)မှတ်တို့ဖြင့် နောက်တစ်ဆင့်သို့ ထပ်မံ တက်ရောက်ရန် ရွေးချယ်ခံခဲ့ရပါသည်။

ရွေးချယ်ခံခဲ့ရသောသူများထဲမှ ပြည်သာသနာမှ မောင်ဆလိုင်းလသွေးဥာဏာ၏ ခံစားချက်ကို မေးမြန်းခဲ့ရာ ”စပြိုင်ကတည်းက ဘုရားနဲ့ အတူပြိုင်ပွဲ ဝင်ခဲ့တာပါ။ ကိုယ့်ရဲ့အစွမ်းအစထက် ဘုရားရဲ့ကျေးဇူးတော်ကြောင့်လို့ ယုံကြည်ပါတယ်။ ဘုရားနဲ့အတူ ကြိုးစားခဲ့ပါတယ်။ လေ့ကျင့်မှုကတော့ ဒုတိယအဆင့်ပြိုင်ပွဲ ပြည်သာသနာမှာ ပြုလုပ်ကတည်းက ပြည်သာသနာ ဘုန်းဘုန်းချစ်သိန်းက ရွှေတောင်ကနေ Vocal Tranning အတွက် ဆရာချစ်ကို ခေါ်ပေးပြီး လေ့ကျင့်ပေးခဲ့တယ်။ သေသေချာချာ အသေးစိတ် သင်ပြပေးခဲ့တယ်။ ပြည်သာသနာကနေ တတိယအဆင့်ကို ပြန်လည် ရွေးချယ်ခံတဲ့အခါမှာ ကျနော်တစ်ယောက်ပဲ ပါဝင်ခဲ့တယ်။ အခု တတိယအဆင့်(ဒု)ကြော့ ကိုလည်း ထပ်မံ တက်ရောက်ဖို့ ရွေးချယ်ခံရတာလည်း ဘုရား ကျေးဇူးတော်ပါပဲ။

တေးသီချင်းတွေနဲ့ ပတ်သတ်ပြီး ဘယ်လောက်ထိ စိတ်ဝင်စားမှုရှိလဲဆိုတဲ့ အပေါ်မှာတော့ ငယ်ငယ်လေး ထဲက စိတ်ဝင်စားခဲ့ပါတယ်။ သီချင်းတွေလိုက်ဆိုတယ်၊ ညဉ်းတယ်။ နောက် ရန်ကုန်ကို ကျောင်းတက်ဖို့ ပြောင်းလာချိန်မှာတော့ သီချင်းတွေကို အရမ်း စိတ်ဝင်စားလာတယ်။ အဲဒီမှာ ကိုယ်တိုင် ဆိုချင်စိတ်လည်း ဖြစ်လာတယ်။ အဆိုတော်တွေ ဆိုထားတဲ့အသံကို နားထောင်ပြီး ဆိုချင်စိတ် ပေါက်လာတယ်။ ကောင်းတဲ့ အဆိုရှင်တစ်ယောက် ဖြစ်ချင်လာတယ်။အဲဒီကနေ အိမ်မက် ဖြစ်လာတယ်။ တိုက်တိုက်ဆိုင် ဆိုင်ပဲ ဘုရားသခင်က ဒီလမ်းကို ဖွင့်ပေးခဲ့ပါတယ်။ကက်သလစ်လူထုဆက်သွယ်ရေးရုံးကနေ ပြိုင်ပွဲကျင်းပပေးတဲ့ အတွက် ကျေးဇူး အများကြီးတင်ပါတယ်။အဲဒီအဖွဲ့အစည်းကနေ ပြုလုပ်ပေးလို့ ယှဉ်ပြိုင်ခွင့် ရခဲ့တာပါ။ ပြီးတော့ ကက်သလစ်တေးသံရှင်တွေ အရမ်းနည်းတော့ ဒီလိုပြိုင်ပွဲတွေ လုပ်ပေးခြင်းဟာ အရမ်းကောင်းပါတယ်။ ဘုရားအလိုတော်နဲ့လည်း ညီတယ်လို့ ထင်ပါတယ်။ ဒိုင်လူကြီးများကလည်း တကယ် အရည်ချင်းပြည့်ဝပြီး သေသေချာချာ အကဲဖြတ် အမှတ်ပေးခဲ့တာကို တွေ့ရပါတယ်။ ကျနော်တို့ရဲ့လိုအပ်ချက်ကို ပြောပြပေးတဲ့အခါမှာ လိုအပ်တာတွေကို ထပ်မံ ပြင်ဆင်ဖို့ သူတို့ရဲ့ အဖိုးတန်တဲ့ အကဲဖြတ် အမှတ်ပေးမှုတွေကြောင့် နောက်ပြိုင်ပွဲတွေမှာ အမှားနည်းအောင် ကိုယ့်ရဲ့ အားနည်းချက်ကို ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကိုလည်း သိခွင့်ရခဲ့ပါတယ်။
အဆိုတော်တွေ အားလုံးကို သဘောကျပါတယ်။ ကိုယ်ဆိုမယ့်အခါမှာလည်း မူရင်း အဆိုရှင် သီဆိုထားတဲ့ ပုံစံအား သေချာ နားထောင်ကြောင်း မူရင်း အဆိုရှင်က ဘယ်နေရာမှာ ဘယ်လို ခံစားပြီး သီဆိုထားလဲ ကိုယ့်အလှည့်ကျရင်ရော ကိုယ့်ကိုယ်ပိုင်ဟန်နဲ့ ဘယ်လိုမျိုးလေး လှအောင်ဆိုမလဲ ဆိုပြီးတော့ အမြဲတွေးတယ်။ ဒီပြိုင်ပွဲမှာ ယှဉ်ခဲ့တဲ့ ကိုဆိုင်းနော်ရဲ့သီချင်းကိုလည်း နှလုံးသားနဲ့ခံစားပြီး ဆိုခဲ့တာပါ။ သူ့အသံကလည်း အရမ်းကောင်းတဲ့ အတွက်၊ ကျနော့်အသံနဲ့လည်း လိုက်မယ်ထင်လို့ ရွေးချယ်သီ ဆိုခဲ့တာပါ။
ဆက်လက်ပြီး ပြိုင်ပွဲမှာ ရွေးချယ် မခံရသူများနှင့် လာရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်ခဲ့ကြသော ဝါသနာတူ ရွက်ပုန်းသီး ညီအစ်ကို မောင်နှမများကိုလည်း “ ကိုယ့်ရဲ့ ကိုယ်ပိုင်အစွမ်းအစကို ယုံကြည်ပြီး ဘုရားကို တကယ် ကိုးစားပါ။ အောင်မြင်မှုဆိုတာဟာ ဘုရားသခင်ဆီက လာတာပါ။ ဒါကြောင့် ဘုရားကို ဆုတောင်းပြီး ဆက်ကပ်ပါ။ ဘုရားသခင် တကယ် မတတ်နိုင်တဲ့ အရာဆိုတာ မရှိတဲ့အတွက်ကြောင့် သူက အကုန်လုံးကို လမ်းပြပေးပါလိမ့်မယ်။ ဒါကြောင့်မို့ ကိုယ်တကယ် ဝါသနာပါတဲ့အရာကို ဆက်ကြိုး စားပါလို့ အားပေးစကားကို ပြောခဲ့ပါသည်။ မောင်ဆလိုင်းလသွေးဥာဏသည် လက်ရှိမှာ အသက် (၁၇)နှစ် ကျော်ဖြစ်ပြီး ရန်ကုန် ဆေးတက္ကသိုလ်(၂)မှာ ပထမနှစ် First(MBBS)ကို တက်ရောက်နေသည်ဟု သိရှိရပါသည်။

တေးသံရှင် ဆိုင်းနော်မှလည်း “ ပါဝင်ယှဉ်ပြိုင်သွားတဲ့သူတွေ အားလုံးက သာသနာ အသီးသီးကနေ အဆင့်ဆင့် ဖြတ်ကျော်ပြီးမှ ဒီအဆင့်ထိ တက်လာကြတာဖြစ်တဲ့အတွက် အားလုံး ကောင်းပါတယ်။ ပြိုင်ပွဲဆိုတာ ဖြစ်တဲ့အတွက် အနိုင်အရှုံးဆိုတာတော့ ရှိမှာပဲလေ။ ဒါကြောင့် ကိုယ့်ထက် ပိုကောင်းတဲ့ သူက နိုင်တာဆိုတော့ ရှုံးတဲ့သူ အနေနဲ့ကလည်း အားမငယ်ပါနဲ့။ ဒီပွဲမှာ မနိုင်ပေမဲ့ ဒီအဆင့်ထိ တက်လာပြီဆိုမှတော့ သူတို့ကို အကိုတို့သိ သွားပြီ၊ တွေ့သွားပြီ ဘယ်သူတွေက အရည်းချင်း ရှိလဲဆိုတာ သိသွားတဲ့အတွက် ဒါဟာ သူတို့ အားလုံးအတွက် အခွင့်အရေးတစ်ခုပါလို့ ပြောချင်ပါတယ်။နောက်ပြိုင်ပွဲဝင်တဲ့ အခါမှာ ပြိုင်ပွဲအကြောင်း သိထားဖို့ လိုပါတယ်။ ကိုယ့်အသံ ဘယ်လိုရှိလဲ၊ ဘယ်လိုသီချင်းမျိုးနဲ့ လိုက်လဲ၊ကိုယ်ကြိုက်တာထက် ကိုယ်နဲ့လိုက်မယ့် သီချင်း၊ ကိုယ်ကျွမ်းကျင် ပိုင်နိုင်တဲ့ သီချင်းကို ရွေးချယ်ပြီးမှ ပြိုင်စေချင်တယ်။ လာပြိုင်တဲ့အခါမှာ သီချင်းကို ကိုယ်က ပိုင်ပိုင်နိုင်နိုင်နဲ့ ပါဖောမန့်ပြရတယ် မပြရဘူး ဆိုတာ ထက်ကို သီချင်းကို အကောင်းဆုံး လေ့ကျင့်ထားတာက အကောင်းဆုံးလို့ ပြောချင်ပါတယ်ဟု သီချင်းဆို ပြိုင်ပွဲနဲ့ ပတ်သက်ပြီးသိထား သင့်သည့် လုပ်ဆောင် သင့်သည်များကို ပြောပြခဲ့ပါသည်။

အမှတ်ပေး ဒိုင်လူကြီးအဖြစ် ပြုလုပ်ပေးခဲ့သော တေးရေးတေးဆို ဦးCYRIL မှလည်း ရစေချင်တာကတော့ အားလုံးပေါ့နော်။ဒါပေမဲ့လည်း ပိုကောင်းတဲ့သူတွေက ရသွားတာပေါ့။ ကိုယ်တတ်တဲ့ပညာကို နည်းနည်းလေးတတ်ထားရုံ မဟုတ်ဘဲနဲ့ များများ သင်ယူ လေ့လာ ဖို့လိုတယ်။ ဒီထဲကို သေချာ စိတ်ဝင် စားဖို့လိုတယ်။ဒါမှလည်း အန်ကယ်တို့အနေနဲ့ လက်ဆင့်ကမ်း ပေးလို့ရမှာဖြစ်တယ်။ အန်ကယ်တို့နဲ့တွဲပြီး လုပ်ဆောင်လို့ရမှာ ဖြစ်တယ်။ သူတို့ကို Music နဲ့ပတ်သက်ပြီး တကယ့်ကို စိတ်ဝင်စားစေချင်တယ်။ ကိုယ့် ကက်သလစ်သာသနာကနေ အဆိုတော်တွေ များများ ထွက်ပေါ်စေချင်တယ်ဟု ပြောပြခဲ့ပါသည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ် တေးသီချင်းဆိုပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်သည် ကက်သလစ်လူထုဆက်သွယ်ရေးနေ့၏ နှစ်(၅၀)ကြိမ်မြောက်ကို ဂုဏ်ပြုသောအားဖြင့် အနုပညာရှင်များသည် လှပခြင်းကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်သောသူများ၊ လူသားထုအတွက် မျှာ်လင့်ချက်၏ သက်သေခံသူများ၊ကြေညာ ဟောပြောသူများဖြစ်ကြောင်းကို နှလုံးမူကာ ဘုရားသခင်၏ ဘုန်းတော်နှင့် အများအကျိုး သယ်ပိုး ဆောင်ရွက်နိုင်စွမ်းရှိသည့် ကက်သလစ် အနုပညာရှင်များစွာ ထွက်ပေါ်လာစေလိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပ ပြုလုပ်ပေးခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူထု ဆက်သွယ်ရေး ဒါရိုက်တာ Fr.Leo က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် တေးသီချင်းဆို ပြိုင်ပွဲ တတိယဆင့် (ဒု)ကြော့ပြိုင်ပွဲကို ဇူလိုင်လ(၂၄)ရက်နေ့ ရန်ကုန်မြို့ အင်းစိန် စိန်ပီတာ စိန်ပေါလ်ဘုရားကျောင်းတွင် ပြန်လည် ပြုလုပ်မည်ဟု သိရှိရပါသည်။ အဆိုပါ တတိယအဆင့် (ဒု)ကြော့တွင် ဝင်ရောက်ယှဉ်ပြိုင်သူ (၁၀)ဦးထဲမှ (၅)ဦး အား ထပ်မံရွေးချယ်သွားမည် ဖြစ်ပြီး၊ ထို(၅) ဦးထဲမှ (ပ၊ဒု၊တ)အား သြဂုတ်လ (၂၄) ရက်နေ့တွင် ထမ်မံ ယှဉ်ပြိုင်ရမည်ဖြစ်သည်ဟု သိရှိရပါသည်။

Pinky ( MDY- OSC)
Yangon

Comments