ကရုဏာမြန်မာ မန္တလေးရုံးမှ သဘာဝဘေးဒဏ်ခံခဲ့ရသူမိသားစုများအား ကူညီထောက်ပံ့ခြင်း

posted 7 Jun 2016, 02:02 by MANDALAY CATHOLIC ARCHDIOCESE   [ updated 7 Jun 2016, 02:04 ]
စဥ့်ကိုင်မြို့နယ် ညောင်ပင်သာကျေးရွာသို့ ကရုဏာမြန်မာ မန္တလေးရုံးမှ သဘာဝဘေးဒဏ်ခံခဲ့ရသူမိသားစုများအား ကူညီထောက်ပံ့ခြင်း

စဥ့်ကိုင်မြို့နယ်၊  ညောင်ပင်သာကျေးရွာ၊ အေးငြိမ်းသာယာခန်းမ၌ မန္တလေးကက်သလစ်ဂိုဏ်းချုပ် သာသနာအတွင်းရှိ ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (မန္တလေးရုံး)မှ ဧပြီလ အတွင်းကဖြစ် ပေါ်ခဲ့သော မိုးသီးမုန်တိုင်းကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော မိသားစုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း တစ်ခုကို (1.6.2016) ရက် နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ကြပါသည်။ 

ပထမဦးစွာ ညောင်ပင်သာကျေးရွာမှ ကရုဏာမြန်မာ စည်းလုံးညီညွတ်ရေးအဖွဲ့၏ တာဝန်ခံဦးဝင်းနိုင်မှ လည်း အခုလို ကျွန်တော်တို့ ရွာလေးကို သဘာဝဘေးဒဏ် ကျရောက်ခဲ့ချိန်မှာ ကူညီပေးလာတဲ့ ကရုဏာလူမှု စည်းလုံးညီညွတ်ရေးအဖွဲ့ကို ကျေးဇူးတင်ပါတယ်။  မိုးသီးမုန်တိုင်းကျတဲ့ အချိန် သွပ်တွေ လန်သွားတယ်။  အဲဒီအချိန်မှာ ကျနော်ကရုဏာရုံးကို ဖုန်းဆက်ပြီး အကူအညီတောင်းခဲ့ပါတယ်။  နောက်ရက် ချက်ခြင်း ရောက်လာခဲ့ကြပါတယ်။  လာကြည့်ပြီး သူတို့ စိတ်မကောင်းစွာ ပြန်သွားခဲ့ကြတယ်။  နောက်ရက်ပြန်ရောက်လာပြီး ပျက်စီးသွားတဲ့ နေရာတွေလိုက်ကြည့်ပြီး စာရင်းယူသွားပါတယ်။  သူတို့ဘက်က တတ်နိုင်သလောက် ကူညီပေးပါမယ်ဆိုပြီး ပြောသွားတယ်။  အဲ့လိုပြောပြီးအခုလို လာရောက် ကူညီပေးတဲ့အတွက် ညောင်ပင်သာရွာသူရွာသား အားလုံးရဲ့ကိုယ်စား ကျေးဇူးတင်ပါတယ် ဟုပြောကြားခဲ့ပါသည်။ 

ဆက်လက်ပြီး ကရုဏာလူမှုစည်းလုံးညီညွတ်ရေးမှ လက်ထောက် ဒါရိုက်တာ ကိုမင်းဟန်ထူးမှလည်း ညောင်ပင်သာကျေးရွာမှာ ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်ကို တတ်နိုင်သလောက် လာရောက် ကူညီပေးတာပါ။ ညောင်ပင်သာကို လာရောက် ကူညီပေးတာဟာ ကရုဏာမန္တလေးရုံးရဲ့ကဏ္ဍငါးခုရဲ့တစ်ခုအပါအဝင်ဖြစ်တဲ့ သဘာဝဘေးဒဏ် ခံစားရသူများအား ကူညီပေးတဲ့ ကဏ္ဍကနေပြီး ကူညီတာဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့က နိုင်ငံရေး၊  ဘာသာရေး၊  ဆွဲဆောင်တဲ့အဖွဲ့ မဟုတ်ပါဘူး။ လူမှုရေးအနေနဲ့လုပ် ဆောင်နေတဲ့ အဖွဲ့စည်းတစ်ခုသာ ဖြစ်ပါတယ်။ အဓိကက သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ဒီဒေသက လူတွေအတွက် ရည်ရွယ်ပြီး လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။ အဓိကကတော့ တစ်ဦးတစ်ယောက်ခြင်း၊  တစ်မိသားစုခြင်း ညောင်ပင်သာကျေးရွာတစ်ရွာလုံး ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ရည်ရွယ်ချက်နဲ့ တက်နိုင်သလောက် လာရောက်ပြီး ကူညီပေးခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ကရုဏာ လူမှုရေးအဖွဲ့စည်းရဲ့ရှေ့ဆက် လုပ်ဆောင်မယ့် အများအကျိုးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာလည်း ညောင်ပင်သာကျေးရွာမှ ရွာသူရွာသားများကနေ ဝိုင်းဝန်းပါဝင် ပူးပေါင်း လုပ်ဆောင်ပေးကြပါဟု ပြောကြားခဲ့ပါသည်။ 

ကရုဏာမြန်မာ သဘာဝဘေး အအန္တရာယ်ကဏ္ဍမှ တာဝန်ခံ ကိုသန်းမင်းထွန်းမှလည်း ကျနော်တို့အဖွဲ့ဟာ အလှူရှင် အဖွဲ့စည်း မဟုတ်ပါဘူး။ ကျနော်တို့ဟာ တစ်ဘက်မှာ ကူညီလိုအပ်နေတဲ့သူများနဲ့ ကူညီပေးချင်နေသူများကို ချိတ်ဆက်ပေးတဲ့ ပေါင်းကူး တံတားအဖွဲ့စည်းလေးတစ်ခုသာ ဖြစ်ပါတယ်။ ကျနော်တို့ ကရုဏာရုံးဟာ မြန်မာနိုင်ငံမှာ ရုံးခွဲပေါင်း (၁၇)ရုံးနဲ့ ဝန်ထမ်းပေါင်း (၆၀၀)ကျော်ဖြင့် လည်ပတ်နေပါတယ်။  ကရုဏာရုံးအနေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတဲ့ အဖွဲ့စည်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျနော်တို့သည် ကိုးကွယ်ယုံကြည်ရာ ဘာသာတွေ မတူညီသော်လည်းပဲ အတူတကွ လက်တွဲ လုပ်ဆောင်ကြတယ်။ ပူးပေါင်း ဆောင်ရွက်ကြတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာလည်း အတူတကွ လက်တွဲ လုပ်ဆောင်လို့ရပါတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့ ကရုဏာလူမှုရေး အဖွဲ့စည်းအနေနဲ့ ညောင်ပင်သာရွာကို လာရောက် ကူညီပေးခြင်းပဲဖြစ်ပါတယ်။  ဟုပြောကြားခဲ့ပါသည်။ 

ညောင်ပင်သာကျေးရွာ လူမှုရေးဥက္ကဌ ဦးမြင့်ဆွေမှလည်း ကျနော်တို့အနေနဲ့ကတော့ အခုလိုမျိုး လာရောက် ကူညီပေးတဲ့အတွက် ဝမ်းပန်းတသာဖြစ်ပါတယ်။ 
ဘာဖြစ်လို့လဲဆိုတော့ သဘာဝ မိုးသီးမုန်တိုင်း ကျရောက်တဲ့အချိန်မှာ ကရုဏာလူမှု စည်းလုံးညီညွတ်ရေးအဖွဲ့ကနေ လူတစ်ဦးလျှင် တလစာ ဆန်ခြောက်ပြည်ခြောက်လုံး၊ ဆီငါးဆယ်သား၊ ဆားတစ်ဆယ့် ငါးကျပ်သား၊ အမိုးလန်သွားတဲ့အိမ်တွေကို သွပ်မိုး၊ ဝါးလှူဒါန်းပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ဟု ပြောပြခဲ့ပါသည်။  ညောင်ပင်သာကျေးရွာသူ မနုနုလွင်မှလည်း မိုးသီးမုန်တိုင်းကြောင့် အိမ်ခေါင်မိုးတွေလန်သွားတာ ယခုချိန်ထိ မမိုးနိုင်သေးဘူး ၊ အခုလို ကရုဏာရုံးကစားစရာ အပြင် သွပ်မိုး၊ ဝါးပါ လာလှူတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မိုးကြောင့် ယာတွေလည်း ပျက်စီးသွားတော့ လုပ်စားစရာက မရှိသေးဘူး၊ မိသားစုက လေးဦးရှိတယ်။ အခုတစ်လစာ လာရောက်လှူပေးတဲ့ ဟာလေးနဲ့ပဲ စားရမှာဖြစ်ပါတယ်ဟု ပြောပြခဲ့ ပါသည်။ 

ကရုဏာ လူမှုစည်းလုံးညီညွတ်ရေး (မန္တလေး)ရုံှး သဘာဝ ဘေးအန္တရာယ်ကဏ္ဍမှ စဥ့်ကိုင်မြို့နယ် ညောင်ပင်သာကျေးရွာတွင် မိုးသီးမုန်းတိုင်းဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော မိသားစုများအား လူတစ်ဦးလျှင် တစ်လစာ ဆန်ခြောက်ပြည် ခြောက်လုံး၊  ဆီငါးဆယ်သား၊  ဆားတစ်ဆယ့် ငါးကျပ်သား၊  လူဦးရေ (၆၀၇) ဦး၊ အိမ်ခြေ (၈) အိမ်၊ သွပ်(၁၂၇) ချပ်၊ ဝါး (၈၀)လုံးအား ပံ့ပိုးကူညီပေးခဲ့ပါသည်။ 

Pinky (MDY-OSC)
Comments