မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဓမ္မတေးသီချင်းဆိုပြိုင်ပွဲ စတုတ္ထအဆင့် ကျင်းပခြင်း သတင်း

posted 28 Jul 2016, 00:26 by MANDALAY CATHOLIC ARCHDIOCESE   [ updated 28 Jul 2016, 00:26 ]
မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဓမ္မတေးသီချင်းဆိုပြိုင်ပွဲ စတုတ္ထအဆင့် ကျင်းပခြင်း သတင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဓမ္မတေးသီချင်းဆိုပြိုင်ပွဲ စတုတ္ထ အဆင့်ပြိုင်ပွဲကို ၂၄.၇.၂၀၁၆ ရက် နေ့က ရန်ကုန်မြို့ အင်းစိန်ရှိ စိန်ပီတာ စိန်ပေါဘုရားကျောင်းတွင် နံနက်(၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ ပါသည်။

ပြိုင်ပွဲသို့ ရန်ကုန်ဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီးဂျွန်စောယောဟန်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူထု ဆက်သွယ် ရေးဒါရိုက်တာ Fr.Leo Mang နှင့် ကက်သလစ်အနုပညာရှင်များအဖွဲ့မှ အနုပညာရှင်များနှင့် သာသနာအသီးသီးမှ ဘာသာတူများ လာရောက်ခဲ့ကြပါသည်။ ဒိုင်လူကြီးများအဖြစ် ဒေါ်နွဲ့ယဉ်ဝင်း၊ ဦးဆစ်ရယ်၊ ဦးရယ်ဂျီ ၊ အခမ်းအနားမှုးအဖြစ် ကိုဘော်စကို တို့မှ ပြုလုပ်ပေးခဲ့ကြပါသည်။

အဆိုပါ ပြိုင်ပွဲတွင် တတိယအဆင့်မှ ရွေးချယ်ခံ (၁၀)ဦးက ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ နောက်ဆုံး Top (5)အဆင့်သို့ တက်ရောက်ရန် (၅)ဦးကို ရွေးချယ်ခဲ့ရာ တောင်ငူသာသနာမှ မေရီက (၂၃၆)မှတ်၊  ပြည်သာသနာမှ လသွေးဥာဏက (၂၃၄) မှတ်၊ မန္တလေးသာသနာမှ ဖိုးလုံးက (၂၃၄)မှတ်၊ ပုသိမ်သာသနာမှ ဆိုဖီယာ နန့်လှမြတ်မွန်က(၂၃၁)မှတ်၊ ဗန်းမော်သာသနာမှ ဂျွန်ဇော်ရိန်အောင်က (၂၂၈)မှတ်တို့ဖြင့် နောက်ဆုံး ဖိုင်နယ် အဆင့် သို့ တက်ရောက်ကြရမည် ဖြစ်ပါသည်။ နောက်ဆုံးအဆင့်သို့ မပါဝင်သူ ကျန် (ငါး)ဦးအား လည်း တေးသံရှင် နွဲ့ယဉ်ဝင်းမှ တစ်ဦးကို ကျပ်(၅၀၀၀၀)ဆု ချီးမြှင့်ပေးခဲ့ပါသည်။

ရန်ုကုန်ဂိုဏ်းချုပ်သာသနာမှဆရာတော်ကြီး ဂျွန်စောယောဟန်မှလည်း ” ဒီကနေ့ သီချင်းဆိုပြိုင်ပွဲ ကျင်းပတယ် ပထမ ဒုတိယ ပဉ္စမ  ရတဲ့သူရှိတယ်။ အဲဒါက အဓိက မကျပါဘူး။ အရေးကြီးတာက ကျွန်ုပ်တို့ဆိုတဲ့ သံစဉ်က ဘုရားသခင်ရှေ့မှောက်မှာ ဘုရားပေးတဲ့ ကျေးဇူးတော်နဲ့ အစဉ်အမြဲ ဘုရားဂုဏ်တော်ကို ချီးမွမ်းနိုင်တဲ့ သားငယ် သမီးငယ် တွေဖြစ်ဖို့ပါပဲ။ သားငယ်သမီးငယ်တို့ရရှိထားတဲ့ ဒီကျေးဇူးတော်တွေနဲ့ ဆက်လက်ပြီး သာသနာပြုနိုင် ကြပါစေ၊ ခွန်အားပေးနိုင်ကြပါစေ လို့လည်းဆု တောင်းပေးချင်ပါတယ်။ ဒီလိုမျိုး စီစဉ်ပေးတဲ့ Fr.leoနဲ့ ကက်သလစ် အနုပညာရှင်များ အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။တီးခတ်ပေးကြတဲ့ သူများကိုလည်းပဲကျေးဇူးတင်ပါတယ်’’ ဟုပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဓမ္မတေးသီချင်းဆိုပြိုင်ပွဲ၏ နောက်ဆုံးဖိုင်နယ်အဆင့်ကို  ၂၀၁၆ခုနှစ် ၊သြဂုတ်လ၊ (၂၄)ရက်နေ့တွင် ရန်ကုန်ကက်သလစ်ဆရာတော်ကြီး ကျောင်းတိုက်တွင် ဆက်လက် ကျင်းပ သွားမည်ဖြစ်ပါသည်။

Pinky (MDY – OSC) 24.7.2016
Yangon
Comments