သံပေတရူးနှင့် သံပေါလူးပွဲ ကျင်းပခြင်း

posted 4 Jul 2016, 00:25 by MANDALAY CATHOLIC ARCHDIOCESE   [ updated 4 Jul 2016, 00:35 ]

မန္တလေး ဂိုဏ်းချုပ် သာသနာအတွင်းရှိ အမရပူရမြို့ စိန်ပီတာစိန်ပေါ ဘုရားကျောင်း ပွဲတော်ကို ၂.၇.၂၀၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြပါသည်။ 

ပွဲတော်သို့ မန္တလေးသာသနာအတွင်းမှ ဘုန်းတော်ကြီးများ၊  သီလရှင်များ၊  ကိုရင်များနှင့် ဘာသာတူများ ပါဝင်ခဲ့ကြပါသည်။  မစ္ဆားတရားကို ဘုန်းတော်ကြီး ဂျွန်မောင်ဆန်းမှ ဦးဆောင်ပြီး ဘုန်းတော်ကြီး ပီတာစိန်လှိုင်ဦးမှ  သြဝါဒတရား ရေအေးကို တိုက်ကျွေးခဲ့ပါသည်။ 

သြဝါဒတရားရေအေး တိုက်ကျွေးရာတွင် ဒီကနေ့ သံပေတရူးနှင့် သံပေါလူးပွဲတော်ကို ကျင်းပတဲ့အခါ သူတို့တွေရဲ့ ဘဝကို ကမ္မဌာန်း ထောက်ရှုခဲ့ကြတယ်။ သူတို့တွေရဲ့ ဘ၀ကို ကျနော်တို့ လောက သားအမြင်နဲ့ ကြည့်မယ်ဆိုရင် သံပေတရူးဟာ စာမတတ် ပေမတတ် တံငါသည်၊  စိတ်လိုက်မာန်ပါ ပြောဆိုတတ်တဲ့ ပုဂ္ဂိုလ်ကြီး၊ သံပေါလူးဟာ ဥာဏ်ပညာကြီးမားတဲ့ ကျမ်းတတ် ပုဂ္ဂိုလ်ကြီး၊ အဲတော့ ဆီနဲ့ ရေ လိုကွာပါတယ်။ ဆီနဲ့ ရေကို ကျနော်တို့ ရောလိုက်မယ်ဆို ဘယ်တော့မှ မရောပါဘူး၊  ဆီက အပေါ်မှာ နေပြီး ရေကတော့ အောက်မှာပဲ နေပါတယ်။ ဒါပေမယ့် ဆီနဲ့ ရေတစ်သားတည်း ခွဲမရအောင် ရောစပ်သွားတဲ့အချိန်လည်း ရှိပါတယ်။ အဲဒါက ပွတ်ပွတ်ဆူအောင် မီးနဲ့ မြိုက်၊ ရေဆူမှတ်ကို ရောက်တဲ့အခါမှာ ဆီနဲ့ ရေဟာ ခွဲလို့မရအောင် ပေါင်းစပ်သွားပါတယ်။ ဒီလိုပဲ အရည်အချင်း မတူတဲ့ သံပေတရူးနဲ့၊ သံပေါလူးကို တစ်ပါးတည်း ပေါင်းစပ်သွားစေတာဟာလည်း သူတို့နှစ်ဦးမှာ မတူညီတဲ့ အရည်အချင်းတွေ ရှိတွေရှိပြီး တူညီတဲ့ အဓိက အရေးကြီးဆုံးအချက်က သခင်ယေဇူး အပေါ်မှာထားရှိတဲ့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာ ပဲဖြစ်ပါတယ်။ သခင်ယေဇူး ရှင်ပြန်ထမြောက်ပြီးနောက် သံပေတရူးကို ထင်ရှားပြတဲ့အခါ သခင်ယေဇူးက ငါ့ကို ချစ်သလားလို့ (၃)ကြိမ်တိုင်တိုင် သူ့ကို မေးတယ်။ ဒီအခါမှာ သူက ဝန်ခံတယ် ကိုယ်တော်သိပါတယ်။  ကိုယ်တော့်ကို တပည့်တော် ချစ်ပါတယ်။  အဲဒီအခါ သခင်ယေဇူးက ငါ၏ သိုးတို့ကို ကျွေးမွေးလော့လို့ သူ့ကိုပြန်ပြီး တာဝန်ပေးတယ်။ သခင်ယေဇူးပေးတဲ့ တာဝန်ကို သူဟာ ကျေပွန်စွာထမ်း ဆောင်ခဲ့တယ်။  သခင်ယေဇူးအကြောင်းကို ဟောပြော သက်သေခံတဲ့အတွက် အဖမ်းခံခဲ့ရတယ်။ ရောမတွေက တစ်ဖက် ၊ ဂျူးတွေက တစ်ဖက်ဝိုင်းပြီး နှိပ်စက်လို့ ပြေးလွှားခဲ့ရတဲ့ကြားထဲက သြဝါဒနှစ်စောင်ကိုပြီးအောင် ရေးသား နိုင်ခဲ့တယ်။ နောက်ဆုံး ရောမမြို့တော်ရဲ့ စိန်ပီတာကျောင်းတော်ကြီးမှာ လက်ဝါးကားတိုင်ပေါ်မှာ ဇောက်ထိုး တင်အသတ်ခံခဲ့ရတယ်။ သံပေတရူးက သခင်ယေဇူးကို ဘယ်လောက်ချစ်သလဲ ဆိုတာ သက်သေပြခဲ့တယ်။
 ထိုနည်းတူ သံပေါလူးလည်းပဲ သခင်ယေဇူးကို ချစ်ကြောင်း သူ့ဘဝနဲ့ သက်သေပြခဲ့တယ်။ သခင်ယေဇူးအကြောင်း လှည့်လည်ဟောပြောဖို့ရာ အတွက် ကုန်းတတန် ရေတတန်နဲ့ သာသနာပြုခရီး (၃) ကြိမ် ထွက်ခဲ့တယ်။ အဲ့လို ခရီးသွားတဲ့အခါမှာ ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေ အားလုံးကိုလည်း မှတ်တမ်းတင်ထားခဲ့တယ်။  သူဟာ ရိုက်နှက်ခြင်း၊ ထောင်ကျခြင်းကို အကြိမ်ကြိမ် ခံခဲ့ရတယ်။  ဒုက္ခအမျိုးမျိုး ကြုံခဲ့ရသော်လည်းပဲ စိတ်ပျက် အားလျော့ခြင်း မရှိခဲ့ပါဘူး။ သခင်ယေဇူးကို ဘယ်လောက် ချစ်သလဲဆိုတာကို သက်သေပြသွားတာ ဖြစ်ပါတယ်။ နောက်ဆုံး သူဟာ ရောမနိုင်ငံသားဖြစ်တဲ့အတွက် လက်ဝါးကားတိုင် တင်မခံရပဲ ရောမမြို့ရဲ့ မြို့ပြင်မှာ ခေါင်းဖြတ် အသတ်ခံခဲ့ရတယ်။  ဒီအချက်တွေကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် သူတို့ နှစ်ဦးသခင်ယေဇူးအပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာ ဘယ်လောက် ကြီးမားသလဲဆိုတာ ကျနော်တို့ သိနိုင်ပါတယ်။ ဒီကနေ့ ကျနော်တို့ သူတို့ကို ဂုဏ်ပြု ချီးမွမ်းကြတယ်ဆိုလို့ရှိရင် သူတို့ကို အတုယူဖို့ လိုအပ်ပါတယ်။ ကျနော်တို့တွေ သံပေတရူးလို ယုံကြည်ခြင်းကို ရဲရဲဝံ့ဝံ့ ဝန်ခံဖို့လိုသလို ကျနော်တို့ရဲ့ ဥာဏ်ပညာကိုလည်း တိုးပွားအောင် ကြိုးစားဖို့ လိုအပ်ပါ တယ်။ ကျနော်တို့ရဲ့ ယုံကြည်ခြင်းကို ရဲရဲဝံ့ဝံ့ ဝန်ခံဖို့ လိုအပ်သလို ကျနော်တို့ရဲ့ ယုံကြည်ခြင်းကို ပျံ့  နှံ့စေဖို့လည်း ကျနော်တို့ ကြိုးစားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သံပေတရူးနဲ့ သံပေါလူးပွဲကို ကျင်းပနိုင်တဲ့ ကျွန်ုပ်တို့ တစ်ဦးစီ၌ ယုံကြည်ခြင်းနှင့် ဥာဏ်ပညာ တိုးပွားပါစေလို့ ဆုတောင်းရအောင်၊  သံပေတရူးလောက် ယုံကြည်ခြင်း မပြင်းထန်ရင်တောင်၊ သံပေါလူးလောက် ဥာဏ်ပညာမရှိခဲ့ရင်တောင်မှ သူတို့နှစ်ဦး ကိုယ်တော့်အပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာမျိုးကိုတော့ ပေးသနားတော်မူပါ။  အဲဒီ ချစ်ခြင်း မေတ္တာ အားဖြင့် ကျနော်တို့ ယုံကြည်ရာကို ကျနော်တို့သိတဲ့ ပညာနဲ့ သက်သေခံနိုင် ခွင့်ပေးတော်မူပါလို့ ဆုတောင်းရင်း ကြိုးစားသွားကြပါစို့ဟု  သံပေ
တရူးနှင့်သံပေါလူး၏ ဘုရားသခင်အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာအား အတုယူ လိုက်နာ ကျင့်ဆောက်တည်နေထိုင်ကြရန် သြဝါဒတရားရေအေးကို တိုက်ကျွေးသွားခဲ့ပါသည်။ 

အဲဒီနောက် ရပ်ကွက်အတွင်း စီတန်းလှည့်လည်ကာ စိပ်ပုတီး စိတ်ပြီးနောက် ကိုယ်တော်မြတ် ကောင်းချီးဖြင့် သံပေတရူးနှင့်သံပေါလူးပွဲတော်အား ကျင်းပ ပြီးစီးခဲ့ပါသည်။

Pinky (MDY-OSC)

Comments