သင်္ဂတုံကျေးရွာသို့ ကရုဏာမှ မိုးသီးဒဏ်ကြောင့် ပျက်ဆီးသွားသော မိသားစုများအား ထောက်ပံ့ကူညီပေးခြင်း

posted 7 Jun 2016, 02:14 by MANDALAY CATHOLIC ARCHDIOCESE   [ updated 7 Jun 2016, 02:14 ]


ကျောက်ဆည်မြို့နယ် ၊ သင်္ဂတုံကျေးရွာသို့ ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးမှ မိုးသီးမုန်တိုင်းဒဏ်ကြောင့် ပျက်ဆီးသွားသော မိသားစုများအား သွားရောက် ထောက်ပံ့ကူညီပေးခြင်းသတင်း

(၂.၆.၂၀၁၆)ရက်နေ့က ကျောက်ဆည်မြို့နယ်၊ သင်္ဂတုံကျေးရွာသို့ ကရုဏာလူမှုစည်းလုံး ညီညွတ်ရေးအသင်းမှ သဘာဝဘေးအန္တရာယ်ကဏ္ဍမှ တာဝန်ရှိသူများ၊ မှ သွားရောက်ထောက်ပံ့ကူညီခြင်း ကိုပြုလုပ်ခဲ့ပါသည်။  အဆိုပါထောက်ပံ့ကူညီခြင်း အခမ်းအနားကို ကျောက်ဆည်ခရိုင် လွှတ်တော်အမတ် ဦးရဲမင်းထွန်း၊ ကရုဏာဒါရိုက်တာ ဘုန်းတော်ကြီး Cyril မြင့်စိုး၊ လက်ထောက် ဒါရိုက်တာ ကိုမင်းဟန်ထူး၊ သဘာဝပတ်ဝန်းကျင် အရေးပေါ် တုန့်ပြန်ရေးကဏ္ဍမှ တာဝန်ခံ ကိုသန်းမင်းထွန်းနှင့် ကရုဏာရုံးမှ ဝန်ထမ်းများ၊ သင်္ဂတုံကျေးရွာမှ ရပ်ရွာကော်မတီဝင်များနှင့် ရွာသူရွာသားများ ပါဝင် တက်ရောက်ခဲ့ကြပါသည်။ 

ပထမဦးစွာ ကျောက်ဆည်ခရိုင် လွှတ်တော်အမတ် ဦင်္းရဲမင်းထွန်းမှ အမှာစကားပြောကြားရာတွင် ကျနော်အနေနဲ့ ကိုယ်ဒေသဖွံ့ဖြိုးရေးအတွက် ဘာတွေ လုပ်ေ
ဆာင်ပေးရမလည်း ဆိုတာ အမြဲ စဉ်းစားပါတယ်။ ကျနော်လွှတ်တော်အမတ် ဖြစ်လာတာလည်း ဒီရွာက မိဘ ပြည်သူတွေကြောင့်ပါ။ ကျနော့်ကို ရင်းရင်းနှီးနှီး ဆက်ဆံပါ။ ရွာရဲ့ လိုအပ်တာတွေကို ပြောပြလို့ရပါတယ်။ အခု မိဘပြည်သူတွေဆီကနေ ကောက်ခံလို့ရတဲ့ အခွန်တွေကို နိုင်ငံတော်ရဲ့လူကြီးတွေက မသုံးဘဲ လမ်း၊ တံတားပြုပြင်မယ့်နေရာတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အခုကျနော်တို့ လူကြီးတွေ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတွေကို ဆင်းနေပါတယ်။ ရွာတွေကို ဆင်းပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ရံပုံငွေကနေ ရွာရဲ့ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေကို လုပ်ဆောင် ပေးသွားမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးတွေကို ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဟု ပြောကြားခဲ့ပါသည်။ 

ကရုဏာလူမှု စည်းလုံးညီညွတ်ရေးမှ ဒါရိုက်တာ ဘုန်းတော်ကြီး Cyril မြင့်စိုးမှလည်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတာဝန်ခံ ကိုသန်းမင်းထွန်းရဲ့ ရံပုံငွေ ရှာဖွေပေးမှုကြောင့် ခုလိုမျိုး ကူညီနိုင်တာဖြစ်ပါတယ်။ ကျနော်တို့ အဖွဲ့စည်းဟာ ရံပုံငွေမှရှိပါဘူး။ ရံပုံငွေမရှိပေမယ် အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်ပေးနေတာပါ။ ဒီရွာမှာ ထိခိုက်ပျက်စီးမှုများတဲ့ အထဲကနေပြီး အဆင်းရဲဆုံး မိသားစုများက ထောက်ပံ့ခဲ့တာဟာ  ရွာက ကော်မတီတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ပေးမယ့် စီမံကိန်းများလည်းရှိပါတယ်။ ကျနော်တို့အနေနဲ့က တောင့်တင်းတဲ့အဖွဲ့စည်း မဟုတ်ပေမဲ့ အလှူရှုင်များနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရွာသူရွာသားများ အနေနဲ့ကလည်းး ကျနော်တို့ရဲ့ လုပ်ငန်းများမှာ အတူတကွ ပူးပေါင်း ပါဝင်ပေးပါလို့ ပြောချင်ပါတယ်ဟု ပြောကြားခဲ့ပါသည်။  သင်္ဂတုံကျေးရွာမှ အမိုးများ ပျက်စီးဆုံးရှုံးခဲ့ရသော သူခင်မှလည်း မိုးသီး မုန်းတိုင်းဒဏ်ကြောင့် အမိုးတွေ လန်သွားတယ်။ အခုချိန်ထိ ပြန်မဆောက်နိုင်သေးလို့ သူများအိမ်မှာ ကပ်နေနေရတယ်။ အခုလိုမျိုး ကရုဏလူမှု စည်းလုံးညီညွတ်ရေးအသင်းကနေ သွပ်၊ ဝါး၊ လက်သမားခပါ ထောက်ပံ့ပေးတဲ့အတွက် အတိုင်း မသိ ဝမ်းသာပါတယ်ဟု ပြောပြခဲ့ပါသည်။ 

ကရုဏာ လူမှုစည်းလုံးညီညွတ်ရေး သဘာဝဘေးအန္တရာယ်ကဏ္ဍမှ ကျောက်ဆည်မြို့၊ သင်္ဂတုံကျေးရွာရှိ မိုးသီးမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော မိသားစုများအား သွပ်(၂၅၂) ချပ်၊ ဝါး (၁၀၀) လုံး၊ လက်သမားခ ၁၂၀၀၀၀ တစ်သိန်း နှစ်သောင်းကျပ် ထောက်ပံ့ပေးခဲ့ပါသည်။ 

Pinky (MDY-OSC)
Comments