၂၀၁၁ နိုဝင်ဘာလ

၂၀၁၁ နိုဝင်ဘာလ (၂)ရက်  
သင်္ချိုင်းမီးထွန်းပွဲ ( မန္တလေး )
               နှစ်စဉ်ကျင်းပမြဲဖြစ်သော သင်္ချိုင်းမီးထွန်းပွဲတော်ကို (၂၀၁၁)ခု၊ နိုဝင်ဘာလ(၂)ရက် ညနေ(၃)နာရီတွင် ကြာနီကန် ကက်သလစ် သင်္ချိုင်း၌ စိန်လာဇရူးနာရေးကူညီမှုနှင့် သင်္ချိုင်းထိန်းသိမ်းပြုပြင်ရေးအသင်းမှ ဦးစီးကျင်းပရာ ဘုန်းတော်ကြီး(၁၀)ပါး၊ ဦးပဉ္ဇင်းကြီး(၁)ပါး၊ ကိုရင်သီလရှင်များ၊ သီလရှင်လောင်းများ၊ ရဟန်းဖြစ်သင်ကျောင်းသားများ၊ မြို့ပေါ်ရှိဘာသာဝင်များ စုစုပေါင်း (၁၂၀၀)ကျော် တက်ရောက်သည်။ ညနေ(၃)နာရီတွင် မွန်ဆီညော် ဂျွန်မောင်နီမှ နာရေးကား ( Super Customs ) နှင့် လူနာတင်ယာဉ် ( Super Customs ) တို့ကို ကောင်းကြီးပေးသည်။ နာရေးကားကို ဂျွန်ဦးသောင်းညွန့်နှင့် ဒေါ်မာဂရက်ညွန့်ညွန့်ရွှေ တို့အား ရည်စူး၍ ကျန်ရစ်သူမိသားစုများက၎င်း၊ လူနာတင်ယာဉ်ကို ကွယ်လွန်သူ ဦးခင်မောင်အားရည်စူး၍ ဒေါ်လှလှမိသားစု(ကူမဲ)က၎င်း လှူဒါန်း
ကြသည်။ အလှူရှင်များကို စိန်လာဇရူးအသင်းဥက္ကဋ္ဌ ဦးမောင်မောင်မှ ဂုဏ်ပြုလွှာများ ချီးမြှင့်သည်။
               ထို့နောက် ကွယ်လွန်သူများအတွက် မစ္ဆားပူဇော်သည်။ မစ္ဆားအပြီးတွင် ဂူသင်္ချိုင်းများကောင်းကြီးပေးပြီး အခမ်းအနား ရုပ်သိမ်းသည်။ သင်္ချိုင်းထိန်းသိမ်းပြုပြင်ရေးအတွက် စိန်လာဇရူးအသင်းက အလှူငွေကောက်ခံရာ(၂၇)သိန်း (၅)သောင်းကျော် ရရှိသည်။ စိန်လာဇရူးနာရေးကူညီမှုနှင့်သင်္ချိုင်းထိန်းသိမ်းပြုပြင်ရေးအသင်း၏ ရှေ့လုပ်ငန်းစဉ်အဖြစ် သင်္ချိုင်းဂူတစ်ခုနှင့်တစ်ခုကြား ကွန်ကရစ်ခင်းရန်၊ တစ်နေရာတည်းတွင် စုပေါင်းသင်္ဂြိုဟ်နိုင်ရန်အတွက် ဂူဗိမ္မာန်ကြီးတည်ထောင်ရန် စိုင်းပျင်းနေကြသည်ဟု သိရသည်။

၂၀၁၁ နိုဝင်ဘာလ (၈)ရက် 
 နိုဗီရှိတ်ဖွင့်ပွဲ ( ပုလိပ်မြို့ )
               (၂၀၁၁)ခု နိုဝင်ဘာလ(၈)ရက်နေ့က ချမ်းသာကုန်းရွာတွင် ကျေးဇူးတင် မစ္ဆားပူဇော်ပြီး ပုလိပ်မြို့တွင် လာဆလက် အသင်းနိုဗီရှိတ်ကျောင်း ဖွင့်ပွဲ ကျင်းပရာ မန္တလေးသာသနာပိုင် ဂိုဏ်းချုပ် ဆရာတော်ပေါလ်ဇိန်တုန်းဂရောင်း တက်ရောက် ခဲ့သည်ဟု သိရသည်။

၂၀၁၁ နိုဝင်ဘာလ (၁၁)ရက် 
 ဒေါ်မီနီကန်ဘုန်းတော်ကြီးများရောက်ရှိ
               (၂၀၁၁)ခု၊ နိုဝင်ဘာလ(၁၁)ရက်နှင့် (၁၂)ရက်နေ့များတွင် ဒေါ်မီနီကန် ဘုန်းတော်ကြီးသုံးပါးတို့သည် မန္တလေး သာသနာ အတွင်း အမှုထမ်းဆောင်ရေး ကိစ္စ အတွက် လာရောက်ကြသည်ဟု သိရသည်။

၂၀၁၁ နိုဝင်ဘာလ (၁၅)ရက်  
ဖါသာရ်ကညုဦးလွန်းအောင် ပျံလွန်တော်မူခြင်း
               ဖါသာရ်ကညု ဦးလွန်းအောင်သည် (၂၀၁၁)ခု၊ နိုဝင်ဘာလ (၁၅)ရက် နံနက်(၁၀း၃၀)နာရီတွင် ၈၂ × ၂၅လမ်း ရှိဆရာတော်ကြီးကျောင်းတိုက်တွင် ပျံလွန်တော်မူသည်။ ဖါသာရ်ကညု ဦးလွန်းအောင်၏ ရုပ်ကလာပ်တော်ကို ယင်းကျောင်းတိုက်၌ (၁၅-၁၁-၂၀၁၁) အင်္ဂါနေ့မှ (၁၇-၁၁-၂၀၁၁) ကြာသပတေးနေ့ အထိ (၃)ရက်တိုင်တိုင် တခမ်းတနား ခင်းကျင်းထားပါသည်။ ရပ်ဝေးရပ်နီးမှရဟန်း၊ ကိုရင်၊ သီလရှင်များနှင့် ဘာသာဝင်များ လာရောက် ဂါရ၀ပြု ဆုတောင်းကြသည်။ (၂၀၁၁) ခု နိုဝင်ဘာလ (၁၇) ရက် ညနေ(၃)နာရီအချိန်တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒြယ် ဘုရားရှိခိုးကျောင်းတွင် မန္တလေး ဂိုဏ်းချုပ် ဆရာတော်ပေါလ်ဇိန်တုန်းဂရောင် ဦးဆောင်၍ ရဟန်း ဘုန်းတော်ကြီး (၄၅)ပါးနှင့် အတူတကွ ဖါသာရ်ကညု ဦးလွန်းအောင်၏ ဈာပနအတွက် မစ္ဆားပူဇော်သည်။ ဦးစိုးနိုင်မှ အထုပ္ပတ္တိကို၎င်း၊ ဒေါက်တာလီယိုမှ ကလေးမြို့ ဂိုဏ်းအုပ်ဆရာတော်မှ ပေးပို့သော ၀မ်းနည်းကြောင်း သ၀ဏ်လွှာကို၎င်း ဖတ်ကြားသည်။ ဈာပနအခမ်းအနားသို့ အင်္ဂလိကန် ဘုန်းတော်ကြီးတစ်ပါး၊ ရပ်ဝေးရပ်နီးမှ ကိုရင်၊ သီလရှင်၊ ဘာသာဝင်များ တက်ရောက်ကြသည်။ ဈာပနမစ္ဆားအပြီးတွင် ဖါသာရ်ကညုဦးလွန်းအောင်၏ကြွင်းကျန်
ရစ်သော ရုပ်ကလာပ်တော်ကို ကြာနီကန်ရှိ ခရစ်ယာန်သင်္ချိုင်းသို့ပို့ဆောင်၍ ဂူသွင်းသင်္ဂြိုဟ်ပါသည်။
               ဖါသာရ်ကညုဦးလွန်းအောင်သည် (၁၉၃၆)ခု၊ ဇန်န၀ါရီလ(၈)ရက်နေ့တွင် ချောင်းရိုးရွာ၌ မွေးဖွားသည်။ မိဘနှစ်ပါးမှာ ဦးရင်အောင်+ဒေါ်လှခင် တို့ဖြစ်သည်။ ချောင်းရိုးရွာ မူလတန်းကျောင်းတွင် ပညာသင်ကြားပြီးနောက် (၁၉၅၀) ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် ပြင်ဦးလွင်မြို့ အခြေခံရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ (၁၉၅၁) ခုနှစ်တွင် စိန်အဲလ်ဘက် အထက်တန်းကျောင်းတွင် (၅)တန်းမှ စ၍ပညာသင်ကြားခဲ့သည်။ (၁၉၅၆) ခုနှစ်တွင် (၁၀) တန်း
အောင်သည်။ (၁၉၅၇)ခုနှစ် စက်တင်ဘာလ(၁) ရက်နေ့တွင် ရန်ကုန်ရဟန်းဖြစ် တက္ကသိုလ်သို့ အဦးဆုံး ၀င်ရောက်သော ကျောင်းသား (၈)ယောက် အနက် တစ်ယောက်အပါအ၀င်ဖြစ်သည်။ (၁၉၅၇)နှင့် (၁၉၅၈)ခုနှစ်တွင် အီတာလျံ ဘုန်းတော်ကြီးတစ်ပါးနှင့် တိုင်းရင်းသား ဘုန်းတော်ကြီးတစ်ပါးတို့ စတင်ဖွင့်လှစ်သည်။
(၁၉၅၈)ခုနှစ်မှ (၁၉၆၄)ခုနှစ်အထိ အမေရိကန်ဂျေဇုအစ်ဂိုဏ်း ဘုန်းတော်ကြီးများ လက်အောက်တွင် ပညာသင်ယူပြီး၊ (၁၉၆၄)ခုနှစ်၊ ဧပြီလ(၈)ရက်နေ့တွင် ပြင်ဦးလွင်မြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်း၏ ရွှေရတုသဘင်၌ ရဟန်း သိက္ခာတင်ခဲ့သည်။ 
               ရဟန်းသိက္ခာတင်ပြီးနောက် ကလေးမြို့တွင် လက်ထောက်အဖြစ် အမှုထမ်းသည်။ (၁၉၆၅)ခုနှစ်တွင် တီးတိန်ဘုန်းတော်ကြီးကို ကူညီခဲ့သည်။ (၁၉၆၆)မှ (၁၉၇၇)ခုနှစ်ထိ မေဂျာ ရဟန်းဖြစ် သင်တက္ကသိုလ်တွင် စာချပုဂ္ဂိုလ်အဖြစ် အမှုထမ်းသည်။ (၁၉၇၇)မှ (၁၉၉၁)ခုနှစ်ထိ ကလေးမြို့ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် အမှုထမ်းခဲ့သည်။ (၁၉၉၁) မှ (၂၀၀၂) ခုနှစ် ထိ မန္တလေးမြို့ စိန်ဂျိုးဇက်ဘုရားရှိခိုးကျောင်း ကျောင်းထိုင်အဖြစ် တာဝန်ထမ်းဆောင်ရသည်။ (၁၉၉၇) ခုနှစ် မှ စ၍ မန္တလေး ဂိုဏ်းချုပ်သာသနာ ဂိုဏ်းထောက်ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ရသည်။ (၂၀၀၂)ခုနှစ် ဇွန်လမှ စ၍ ပြင်ဦးလွင်မြို့ ရွှေနှလုံးတော်ကျောင်း၏ ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ်ပြောင်းရွေှ့ အမှုထမ်းသည်။

၂၀၁၁ နိုဝင်ဘာလ (၂၀)ရက်  
ခရစ္ဆမားပေးပွဲ ( ချမ်းသာကုန်း )
               (၂၀၁၁)ခု၊ နိုဝင်ဘာလ(၂၀)ရက်နေ့က ချမ်းသာကုန်းရွာတွင် မန္တလေး သာသနာပိုင် ဂိုဏ်းချုပ် ဆရာတော် ပေါ ဇိန်တုန်းဂရောင်သည် ချမ်းသာကုန်းရွာ၊ ဆင်ဖြူရွာ၊ မြောက်ကိုင်းရွာတို့မှ ကလေးငယ်(၅၇)ဦးအား ပထမ ကိုယ်တော်မြတ်နှင့် ခရစ္ဆမားပေးခဲ့သည်ဟု သိရသည်။

၂၀၁၁ နိုဝင်ဘာလ (၂၇)ရက်  
မန္တလေးဂိုဏ်းချုပ် ဆရာတော်မြစ်ကြီးနားခရီး
               မန္တလေးသာသနာပိုင် ဂိုဏ်းချုပ်ဆရာတော် ပေါဇိန်တုန်း ဂရောင်သည် (၂၀၁၁)ခု နိုဝင်ဘာလ(၂၇)ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျင်းပသော စိန်ကိုလန်ဘန် (၇၅)နှစ်ပြည့် စိန်ရတုဂျူဘလီပွဲတော်သို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

၂၀၁၁ နိုဝင်ဘာလ (၂၈)ရက်  
ဘုရားကျေးဇူးတော်
               ကျောက်ဆည်မြို့နယ်၊ ဆင်ဖြူကျေးရွာနေ လူကပ်စ်ဦးသန်းမောင်နှင့် လူစီယားမသေးတို့၏မိခင် ဒေါ်သန်းရွှေသည် (၂၈-၁၁-၂၀၁၁)နေ့ ညနေ(၃း၃၀)နာရီတွင် ကွယ်လွန်သည်။ ဒေါ်သန်းရွှေသည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည့်ပြင်
သီလရှင် လူထွက် ရဟန်း ဒါယိကာမတစ်ဦးဖြစ်သည့် အတွက် ကြွင်းကျန်ရစ်သော သူ့ရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်ရမည်ဖြစ်သည်။ မီးသင်္ဂြိုဟ်ရန်အတွက် ဆင်ဖြူ သင်္ချိုင်းတွင် လုံးဝ မဖြစ်နိုင်ပါ။ သို့ဖြစ်၍ ဦးသန်းမောင်သည် လိုအပ်သလိုစီမံပေးရန် ဘုရားသခင်ထံ ယုံကြည်စွာနှင့်ဆုတောင်းရာ မြစ်တောဘက် သပြေကုန်း တောကျောင်းမှာ သတင်းသုံးနေတဲ့ မောင်ဝမ်းကွဲက သူ့ကျောင်းလာပြီး
မီးသင်္ဂြိုဟ်ဖို့ ခွင့်ပြုလိုက်တဲ့အတွက် ဦးသန်းမောင်၏ ဆုတောင်းပြည့်သွားသည်။
ဦးသန်းမောင်က ဘုရားသခင်ထံ ယုံကြည်စွာနှင့် တောင်းသောသူတိုင်း အမှန်တကယ် ကျေးဇူးတော်ခံစားရမည်ဖြစ်ကြောင်း လူတိုင်း သိစေလိုသည် ဟုပြောသည်။

၂၀၁၁ နိုဝင်ဘာလ (၃၀)ရက်  
မန္တလေးသာသနာအတွက်လက်ထောက်ဂိုဏ်းချုပ် ဆရာတော်ခန့်အပ်ခြင်း
               (၂၀၁၁)ခု၊ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးဘေနဒစ် (၁၆)မှ ဟားခါး ဂိုဏ်းအုပ်ဆရာတော် မွန်ဆီညော် နီးကလက်စ်မန်ထန်းအား မန္တလေးသာသနာ လက်ထောက်ဂိုဏ်းချုပ်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်ရန် ခန့်အပ်လိုက်ကြောင်း သိရှိရသည်။
               ဆရာတော်နီးကလက်စ်မန်ထန်းသည် (၁၉၄၃)ခုနှစ် သြဂုတ်လ(၁၈) ရက်နေ့တွင် မင်းတပ်မြို့နယ် သိန်းလောင်းကျေးရွာ တွင် မွေးဖွားခဲ့သည်။ မိဘများမှာ ဦးခွီရှိန်းမာနှင့် ဒေါ်အွမ်ပိုင်တို့ဖြစ်ကြသည်။ (၁၉၅၄)မှ (၁၉၅၇)ခုနှစ်အထိ မန္တလေးမြို့ စိန်ပီတာ အထက်တန်းကျောင်းတွင်၎င်း၊ (၁၉၅၇) မှ (၁၉၆၅) ခုနှစ် အထိမေမြို့ စိန်အဲလ်ဘတ် အထက်တန်းကျောင်းတွင် ၎င်း ပညာ ဆည်းပူးခဲ့သည်။ ထို့နောက် (၁၉၆၃) မှ (၁၉၆၅) ခုနှစ် အထိ မေမြို့ အခြေခံရဟန်းဖြစ်သင်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး၊ (၁၉၆၆) မှ (၁၉၇၃) ခုနှစ် အထိ ရန်ကုန် ရဟန်းဖြစ်တက္ကသိုလ်တွင် ဒဿနိကပညာနှင့် သီအိုလိုဂျီပညာရပ်များလေ့လာသင်ယူခဲ့သည်။ (၁၉၇၃) ခုနှစ်၊ ဧပြီလ(၂၈) ရက်နေ့တွင် မင်းတပ်မြို့၌ ဆရာတော် အာလောရှက် ဦးဘခင်၏ လက်တော်မှ ရဟန်း သိက္ခာခံယူခဲ့သည်။ ရဟန်း သိက္ခာခံယူပြီး (၁၉၇၃)မှ (၁၉၇၈) ခုနှစ်အထိ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့တွင် ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ (၁၉၇၈) မှ (၁၉၈၀) ခုနှစ် အထိ မင်းတပ်မြို့တွင် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ (၁၉၈၁) ခုနှစ်တွင် ကက်သလစ် ဆရာတော်များ၏ စေလွှတ်ချက်အရ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပညာတော်သင် သွားခဲ့သည်။
               ထိုတက္ကသိုလ်တွင် ဘွဲ့လွန်ဘာသာရေးဆိုင်ရာ Dogmatic Theology (M.A) ဆွတ်ခူးကာ (၁၉၈၃) ခုနှစ်တွင် မြန်မာပြည် သို့ ပြန်လာခဲ့သည်။ ထို့နောက် (၁၉၈၃)မှ (၁၉၈၆)ခုနှစ် အထိ ရန်ကုန် ရဟန်းဖြစ် သင်တက္ကသိုလ်တွင် စာချ ပုဂ္ဂိုလ် အဖြစ်(၄)နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။ (၁၉၈၆)ခုနှစ်မှ (၁၉၈၈)ခုနှစ်အထိ ပြင်ဦးလွင်ဒဿနိက ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ကိုရင်တို့၏ ၀ိညာဉ်ရေးဆိုင်ရာ တာဝန်ခံအဖြစ် တာဝန်ထမ်းခဲ့သည်။ (၁၉၈၈) မှ (၁၉၈၉) အထိ ရန်ကုန် ရဟန်းဖြစ် တက္ကသိုလ် တွင် ကျောင်းအုပ် (Rector)အဖြစ် (၂)နှစ်တာဝန် ထမ်းခဲ့သည်။
               ထို့နောက် မန္တလေးသာသနာ၏ လိုအပ်ချက်အရ ရောမမြို့မှ ရဟန်းမင်းကြီးယောဟန်ပေါလူး ဒုတိယမြောက်က မန္တလေးသာသနာဂိုဏ်းချုပ်ဆရာတော် အာလ်ဖုန်းစ်ဦးသန်းအောင်၏ လက်ထောက်ဆရာတော်အဖြစ် (၁၉၈၉) ခုနှစ်၊ ဇန်န၀ါရီလ(၁၁)ရက်နေ့တွင် မန္တလေးမြို့တွင် ဆရာတော်သိက္ခာခံယူသည်။ လက်ထောက် ဆရာတော်အဖြစ် ချင်းတောင်တစ်ခုလုံးကို စတင် တာဝန်ယူကာ နယ်လှည့်ခဲ့သည်။ ထို့နောက် (၁၉၉၂)ခု ဒီဇင်ဘာလ(၂၁)ရက်နေ့တွင် ရဟန်းမင်းကြီး ဒုတိယမြောက်ယောဟန်ပေါလူးက ဟားခါးသာသနာ၏ ပထမဆုံးဂိုဏ်းအုပ် ဆရာတော်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့သည်။ (၁၉၉၃)ခု၊ မတ်လ(၂၁)ရက်နေ့တွင် ဟားခါးသာသနာ၏ ပလ္လင်တင်ပွဲအခမ်းအနားကို ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တွင် တခမ်းတနား ကျင်းပခဲ့သည်။