၂၀၁၁ ဇန္န၀ါရီလ

ဇန္န၀ါရီ (၆)ရက်
မြန်မာနိုင်ငံဆိုင်ရာ ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်တော်အား ကြိုဆိုခြင်း

မြန်မာနိုင်ငံဆိုင်ရာ ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်တော် ဂိုဏ်းချုပ်ဆရာတော်ကြီး ဂျီအို ဗာနီအနိုင်းလိုသည် (၂၀၁၁)ခု ဇန္န၀ါရီ(၆)ရက်နေ့တွင် မြန်မာနိုင်သို့ ရောက်ရှိလာပြီး (၇)ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်၍ သာသနာရေး ၀န်ကြီးနှင့် တွေ့သည်။ ထိုနေ့မှာပင် အာရှအသံလွှင့်ဆိုင်ရာ မြန်မာနိုင်ငံ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည်။ (၉)ရက်နေ့တွင် ရန်ကုန်မြို့ ကာသီဒြယ် ဘုရားရှိခိုးကျောင်းတွင် ကိုယ်စားလှယ်တော်ကြီး ကိုယ်တိုင်ဦးဆောင်၍ မစ္ဆါး ပူဇော်သည်။ မစ္ဆါးအပြီးတွင် ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ် ဆရာတော်များ၊ ဂိုဏ်းအသီးသီးမှ ရဟန်း ကိုရင် သီလရှင်များ၊ ရဟန်းဖြစ်သင် ကျောင်းသားများ၊ ဓမ္မဆရာများ ဘာသာဝင်များက ကိုယ်စားလှယ်တော်ကြီးအား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်၍ နှုတ်ဆက် ဂါရ၀ပြုကြသည်ဟု သိရသည်။



၂၀၁၁ ဇန္န၀ါရီလ (၁၆)ရက်
ဦးပဉ္စင်းကြီး သိက္ခာတင်ပွဲနှင့် စုပေါင်း လှူဒါန်းပွဲ

မန္တလေးမြို့ ကာသီဒြယ် ဘုရားရှိခိုးကျောင်း၌ (၂၀၁၁)ခု ဇန္န၀ါရီလ (၁၆)ရက်နေ့ နံက်(၇.၃၀)နာရီ အချိန်တွင် ကိုရင်(၄)ပါးအား ဦးပဉ္စင်းကြီး သိက္ခာတင်ပွဲ အခမ်းအနား ကျင်းပရာ မန္တလေး သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော် ပေါလ်ဇိန်ထုန်းဂရောင်၊ ရဟန်းတော် (၄၁)ပါး သီလရှင်များ၊ စိန်သောမတ်စ် ရဟန်းဖြစ်သင် ကျောင်းသားများ၊ ကိုရင်များ၏ ဆွေမျိုးများ၊ မြို့ပေါ်ရှိ ဘာသာဝင်များ စုစုပေါင်း (၈၀၀)ခန့် တက်ရောက်သည်။ မစ္ဆားတရားတော် အတွင်း ဘရာသာရ်ပက်ထရစ်၊ စိုးထွန်း (စိန်ဂျိုးဇက်-လဖုံးအုပ်စု)၊ ဘရာသာရ် သောမတ်စ် ထွန်းဝင်းထွန်း (တန့်ဆည်လမ်းဆုံ)၊ ဘရာသာရ် မိုက်ကယ် ကိုကိုကြီး (ချောင်းဦး)၊ ဘရာသာရ် ဆော်လမွန် ထွန်းမင်းဇော် (ချမ်းသာကုန်း) တို့အား ဂိုဏ်းချုပ်ဆရာတော်မှ ဦးပဉ္စင်းကြီးသိက္ခာ တင်ပေးသည်။ မစ္ဆားအပြီးတွင် ထာဝရ ငွေပဒေသာပင် အသင်းမှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ်မြောက် စုပေါင်း လှူဒါန်းပွဲကို ကာသီဒြယ်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ဂိုဏ်းချုပ်ဆရာတော်၏ ကိုယ်စား ဘုန်းတော်ကြီး ဖါသာရ်အေဦးကိုလေးမှ အဖွင့် နှုတ်ဆက်စကား ပြောကြားပြီး ဘုန်းတော်ကြီးများအား ကံစမ်းမဲနှိုက်၍ လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။



၂၀၁၁ ဇန္န၀ါရီလ (၂၀)ရက်
စိန်သောမတ်စ် အကြိုရဟန်းဖြစ်သင် တက္ကသိုလ်(၂၅)နှစ်ပြည့် ငွေရတုသဘင်ပွဲတော်

မန္တလေးမြို့  ၃၅x၆၉ လမ်းထောင့်ရှိ မန္တလေး သာသနာ စိန်သောမတ်စ် အကြို ရဟန်းဖြစ်သင် တက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတုသဘင် ပွဲတော်ကို (၂၀၁၁)ခု ဇန်န၀ါရီလ (၂၀)ရက်နေ့ ညနေ(၄)နာရီ အချိန်တွင် ကျင်းပရာ မန္တလေးသာသနာပိုင် ဂိုဏ်းချုပ် ဆရာတော် ပေါလ်ဇိန်ထုန်းဂရောင်၊ ရဟန်းဘုန်းတော်ကြီး(၂၅)ပါး၊ သီလရှင်(၂၃)ပါး၊ ဦးပဉ္စင်းကြီးများ၊ ရဟန်းဖြစ်သင် ကျောင်းသားများ ဘာသာဝင်များ (၄၀၀)ခန့် တက်ရောက်သည်။ ရှေးဦးစွာဆရာတော် ဦးဆောင်၍ ဘုန်းတော်ကြီးများနှင့် အတူတကွ ကျေးဇူးတင် မစ္ဆား ပူဇော်သည်။ မစ္ဆားအတွင်း ဖါသာရ်ဂျောခင်မောင်ထွေးမှ သြ၀ါဒ မြွက်ကြားသည်။ မစ္ဆားအပြီးတွင် ဤကျောင်း၌ သင်ကြားပို့ချ သွားကြသော ဆရာ /ဆရာမများအား ဆရာတော်မှ ဂုဏ်ပြုလွှာများ ချီးမြှင့်ပြီး ဧည့်သည်တော်များ အားလုံးအား ညစာဖြင့် တည်ခင်းဧည့်ခံသည်။ ညစာ စားသုံးကြပြီးနောက် ကံစမ်းမဲဖေါက်ပြီး ဧည့်သည်တော်များအား စတိတ်ရှိုးဖြင့် ဖျော်ဖြေသည်။



၂၀၁၁ ဇန္န၀ါရီလ (၂၁)ရက်
စစ္စတာအမ်မီလီယားဆူဆေး(S.J.A) ၏ သီလရှင်ဝါတော်(၅၀)နှစ်ပြည့် ရွှေစင်ဂျူဗလီပွဲတော်

စိန်ဂျိုးဇက် သီလရှင် အသင်းဂိုဏ်းမှ စစ္စတာအမ်မီလီယားဆူဆေး၏ သီလရှင်ဝါတော်(၅၀)နှစ်ပြည့် ရွှေစင်ဂျူဘလီပွဲတော်ကို (၂၀၁၁)ခု ဇန္န၀ါရီလ (၂၁)ရက်နေ့က မန္တလေးမြို့  ရွှေနှလုံးတော် ကာသီဒြယ် ဘုရားရှိခိုးကျောင်းတွင် နံနက်(၇)နာရီ အချိန်၌ ကျင်းပရာ မန္တလေး သာသနာပိုင် ဂိုဏ်းချုပ် ဆရာတော် ပေါလ်ဇိန်ထုန်းဂရောင်နှင့် ရဟန်း ဘုန်းတော်ကြီး(၁၀)ပါး ဦးပဉ္စင်းကြီး(၄)ပါး၊ စိန်ဂျိုးဇက် သီလရှင်အပါး (၅၀)မြို့ပေါ်ရှိ အခြားအသင်းဂိုဏ်းမှ သီလရှင်များ မြို့ပေါ်ရှိ ဘာသာဝင်များ တက်ရောက်ကြသည်။ ဂိုဏ်းချုပ် ဆရာတော် ဦးဆောင်၍ မစ္ဆား
ပူဇော်သည်။ မစ္ဆားအပြီးတွင် ဧည့်သည်တော်များအား အကျွေးအမွေးဖြင့် ဧည့်ခံသည်။

စစ္စတာအမ်မီလီယားဆူဆေးသည် (၁၉၃၇)ခုနှစ် စက်တင်ဘာလ (၂၉)ရက်နေ့တွင် ရန်ကုန်မြို့နယ် ကျောက်တန်းတွင် မွေးဖွားခဲ့သည်။ (၁၉၅၉)ခုတွင် မေမြို့ သီလရှင်ဖြစ် သင်တန်းကျောင်း ၀င်ရောက်ခဲ့သည်။ ၁၉၆၁ ခု ဧပြီလ (၂၉)ရက်နေ့တွင် ပထမ ကတိသစ္စာ ခံယူခဲ့သည်။ (၁၉၆၇)ခု ဇန္န၀ါရီလ(၂၇)ရက်နေ့တွင် တသက် သစ္စာ ခံယူခဲ့သည်။ ၁၉၆၆ မှ ၁၉၈၈ အထိ ရွာတော်၊ ကလေးမြို့၊ စိုင်းဇံ၊ ကန်တော်ကလေး တို့တွင် အမှု ထမ်းခဲ့သည်။ ၁၉၉၂ မှ ၁၉၉၈ အထိ သီလရှင် ဘောင်ဝင်လိုသူများကို ကြည့်ရှုခဲ့သည်။ (၁၉၉၈ မှ ၉၉)အထိ အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်တွင် သီလရှင် အကြီးအကဲ တာဝန် ထမ်းဆောင်ရန် သင်တန်း တက်ခဲ့သည်။ ၁၉၉၉ မှ ၂၀၀၅ အထိ မြန်မာနိုင်ငံလုံး ဆိုင်ရာ စိန်ဂျိုးဇက်သီလရှင် အသင်းဂိုဏ်း၏ အကြီးအကဲ တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၀၆ မှ ၂၀၀၈ အထိ ပြင်သစ်ပြည် ပဲရစ်   နှင့်   မော်လတာနိုင်ငံတွင် ကလေးများ စောင့်ရှောက်ရေးကျောင်း၌ တာဝန် ထမ်းဆောင်သည်။ ၂၀၀၈ မှ ၂၀၁၀ ထိ သီလရှင်   ဘောင်ဝင်မည့် မိန်းကလေးများကို ကြည့်ရှုရသည်။

စစ္စတာအမ် မီလီယား ဆူဆေး သီလရှင် ဘ၀နှစ်(၅၀) အတွင်း သေဘေးမှ (၂)ကြိမ် လွတ်မြောက်ခဲ့သည်။ (၁၉၇၈)ခု အောက်တိုဘာလ (၃)ရက်နေ့တွင် မန္တလေး ဂိုဏ်းချုပ် ဆရာတော် မိုးဇယ် ဦးဘခင်နှင့်အတူ လေယာဉ်ဖြင့် ကလေးမြို့ကို သွားရာ လေယာဉ်ပျက်ကျပြီး ဒဏ်ရာ ပြင်းထန်စွာ ရကြသည်။ ယင်းဒဏ်ရာဖြင့် ဆရာတော် မိုးဇယ်ဦးဘခင် ပျံလွန် တော်မူသည်။ စစ္စတာ အမ်မီလီယား ဆူဆေး မှာ သေဘေးက လွတ်မြောက်ခဲ့သည်။

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် နှစ်(၅၀)ပြည့် ရွှေဂျူဗလီပွဲတော် ကျင်းပနိုင်သဖြင့် ဂျူဗလီမစ္ဆားအတွင်း ဘုရားသခင်ကို   ကျေးဇူး ဆပ်သည့် အနေဖြင့် ဘုရားသခင်၏ အမှုတော်ကို သေတပန် သက်တဆုံး အကြွင်းမဲ့ ထမ်းဆောင် သွားမည်ဟု ကတိပြုခဲ့ကြောင့် သိရှိရသည်။



၂၀၁၁ ဇန္န၀ါရီလ (၂၂)ရက်
အာရှသမ္မာတရား လေလှိုင်းသံမြန်မာ ဘာသာအစီအစဉ် သောတရှင် တွေ့ဆုံပွဲနှင့် မေတ္တာအားမာန် သောတရှင်များအသင်း တစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်

အာရှ သမ္မာတရား လေလှိုင်းသံ မြန်မာဘာသာ အစီအစဉ်၏ သောတရှင်တွေ့ဆုံပွဲနှင့် မေတ္တာအားမာန် သောတရှင်များ အသင်း၏ တစ်နှစ်ပြည့် အထိမ်းအမှတ် ပွဲတော်ကို(၂၀၁၁)ခု ဇန္န၀ါရီလ(၂၂)ရက် စနေနေ့ နံနက် (၉)နာရီမှ မွန်းလွဲ(၃)နာရီ အထိ မန္တလေးသာသနာ ကာသီဒြယ်ခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တလေး ရွှေဘ၊ို ရွာတော်၊ ညောင်လေးပင်၊ မြင်းခြ၊ံ ရန်ကန၊် နဘက်၊ တောင်သာ၊ ပင်လယ်ဝေး၊ မကွေး၊ ညောင်ပင်သာ၊ မုံလှ၊ ပြင်ဦးလွင်၊ အမရပူရ၊ မြစ်ငယ်၊ မတ္တရာ စသည့်အနယ်နယ် အရပ်ရပ်မှ သောတရှင် (၄၃၀)ခန့် တက်ရောက် သည်။ ဂိုဏ်းချုပ်ဆရာတော် ပေါလ်ဇိန်ထုန်းဂရောင်၊ FABC လူထု ဆက်သွယ်ရေးရုံး၊ အတွင်းရေးမှူး ဘုန်းတော်ကြီး ဖါသာရ် ရေမွန် အမ်ဘရို့စ်၊ မြန်မာဘာသာ အစီအစဉ် ဆက်သွယ် ညှိနှိုင်းရေးမှူး ဖါသာရ်ရစ်ချတ် လှမင်းဦးတို့အား ပန်းကုံးစွပ် ကြိုဆိုကြသည်။

ရှေးဦးစွာ ဖါသာရ်ဒိုမနစ်ဂျိုတုမှ ကြိုဆို နှုတ်ဆက် စကားပြောကြားရာတွင် "ဧ၀ံဂေလိတရားဆိုတာ သမ္မာ ကျမ်းစာတစ်ခုလုံးရဲ့ အနှစ် ကို ပြောရမယ်ဆိုရင်၊ မေတ္တာ တရားပါဘဲ။ ဗုဒ္ဓတရားလဲ မေတ္တာ တရားဘဲ။ မွတ်စလင်တရားလဲ မေတ္တာ တရားဘဲ။ ခရစ်ယာန်တရား လဲ မေတ္တာ တရားဘဲ။ ဧ၀ံဂေလိတရားဘဲ ခေါ်ခေါ်၊ သတင်း ကောင်းပဲပြောပြော တကယ်တမ်း တရားအားလုံးဟာ ဘုရားစီက နည်းမျိုးစုံနဲ့ လာတာဘဲ၊ အနှစ်ကတော့ မေတ္တာ တရားပါဘဲ။ လူသား အချင်းချင်း ကောင်းကျိုးအတွက် မျှဝေတဲ့ တရားပါ။ အဲဒါကြောင့် ဘုန်းဘုန်း တို့က ခရစ်ယာန် တရားကို ဘာသာခြားတွေစီ ရိုက်သွင်းတာ မဟုတ်ပါဘူး။ ဒီမေတ္တာတရားကို ဘာသာ လူမျိုး မခွဲခြားဘဲ အချင်းချင်း ကြားထဲမှာ မေတ္တာမျှအောင် အာရှ သမ္မာတရား အသံလွှင့်ဋ္ဌာနက သွန်သင် ပို့ချနေတာ ဖြစ်ပါတယ်။ မတူတဲ့ ဘာသာ တရားအချင်းချင်း ဘယ်လို အသက်ရှင်ကြမလဲ။ ဘာသာမတူဘဲနဲ့ ဘယ်လို ငြိမ်းချမ်းစွာ အသက်ရှင်ကြမလဲ။ ဒါတွေကို ထည့်သွင်း ပေးတာပါ။

သာသနာပြုဆိုတဲ့ နေရာမှာလဲ အရမ်း အဓိပ္ပါယ် ရှိပါတယ်။ ဘာသာပြု မဟုတ်ပါဘူး။ ဘုန်းဘုန်းတို့ကနေ ခရစ်ယာန်တွေ ဖြစ်အောင် ဘာသာ ပြုလုပ်နေတာ မဟုတ်ပါဘူး။ မယုံရင် သွားကြည့် နိုင်ပါတယ်။ ဘုန်းဘုန်းတို့ ကက်သလစ်က တည်ထောင်ထားတဲ့ လူအိုရုံတွေ ဥပမာ - ရန်ကုန် ကန်တော်ကလေး လူအိုရုံမှာ သီလရှင်တွေ ပြုစုနေပါတယ်။ အများစု လူအိုတွေက ဗုဒ္ဓဘာသာတွေပါ။ သူတို့ကို ဘာသာထဲ မသွင်းပါဘူး။ သူတို့ရဲ့ စိပ်ပုတီး သူတို့စိပ်တယ်။ ဘ၀ နိဂုံးချုပ်ရင်လဲ သက်ဆိုင်ရာ အကြောင်းကြားပြီး ဗုဒ္ဓဘာသာနည်းနဲ့ သင်္ဂြိုဟ် စေပါတယ်။

သာသနာပြု တယ်ဆိုတာ ကိုယ့်အထဲမှာရှိတဲ့ မေတ္တာ သာသနာကို သူများထဲမှာ သွင်းသလို သူများထဲမှာရှိတဲ့ မေတ္တာ သာသနာကို ကိုယ့်အထဲ ရောက်တာကို ပြောတာပါ။ သူတို့ထဲမှာ ရှိတဲ့ တရား သူတို့ထဲမှာ ရှိတဲ့ဘုရားကို လေးစားတယ်။ ကိုယ့်ထဲမှာ ရှိတဲ့ တရား၊ ကိုယ့်ထဲမှာရှိတဲ့ ဘုရားကိုလဲ ပြန်လေးစားတယ်။ အဲဒါဟာ သာသနာပြုတာဘဲ။ အာရှအမှန်တရား အသံလွှင့်ဋ္ဌာနပါ။ အမှန်တရားသည် ကျွန်ုပ်တို့ကို လွတ်မြောက်စေသည်။ အဲဒါကြောင့် လူတိုင်းဟာ လူကောင်းဖြစ်အောင် အမှန်တရားနဲ့သာ သာသနာပြုကြပါလို့ မှာကြား လိုပါတယ် ကျေးဇူးတင်ပါတယ်။"

ထို့နောက် တာမယ်အကဖြင့် ဖျော်ဖြေပြီး ဖါသာရ်ရစ်ချတ်လှမင်းဦးက အာရှအသံလွှင့်ဋ္ဌာန မြန်မာဘာသာ အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြသည်။ ဖါသာရ်ရေမွန် အမ်ဘရို့စ်မှလည်း များပြားလှသော ပရိတ်သတ်ကို တွေ့မြင်ရသည်အတွက် အားရကြောင်း   ပြောကြားသွားသည်။ ဆရာတော်ကြီး ပေါလ်ဂရောင်ကလည်း R.V.A ရဲ့ လုပ်ငန်းများကို စွမ်းစွမ်းတမံ လုပ်ဆောင် နေကြသော ဘုန်းတော်ကြီးများ၊ စစ္စတာများ ၀န်ထမ်းများအား ကျေးဇူးတင်ကြောင်း ပြောကြားသွားသည်။ ထို့နောက် သံဝင်းမှ   မြန်မာအကဖြင့်   ဖျော်ဖြေပြီး၊ သောတရှင်များ ရင်ဖွင့် စကား ပြောကြားကြသည်။ ထို့နောက် စိန်ဂျွန်း အဆင့်မြင့်ပညာ သင်ကျောင်းမှ တိုင်းရင်းသား အကဖြင့် ဖျော်ဖြေပြီး နေ့လည် (၁၂)နာရီတွင် အခမ်းအနား ခေတ္တ ရပ်နားပြီး နေ့လည်စာ သုံးဆောင်ကြသည်။

မွန်းလွဲ (၁)နာရီတွင် အားမာန်အသင်း၏ နှစ်ပတ်လည် အခမ်းအနား ကျင်းပသည်။ ဥက္ကဋ္ဌ ကိုဝဏ္ဏဘုန်းမှ အဖွင့် အမှာစကား ပြောကြားပြီး အတွင်းရေးမှူး မဒေါ်လီမှ တနှစ်တာအတွင်း လုပ်ငန်း ဆောင်ရွက်မှုများကို ဖတ်ကြားသည်။ မေတ္တာအားမာန် အမှုဆောင်များအား ဖါသာရ်ရစ်ချတ် လှမင်းဦးမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်သည်။ ထို့နောက် ဖါသာရ် ရစ်ချတ်လှမင်းဦး၏ ကြိုးပမ်းမှုဖြင့် ရရှိသည့်   ရေဒီယိုများကို ကြွရောက်လာသော သောတရှင်များအား ကံစမ်းမဲနှိုက်၍ လက်ဆောင်ပေးသည်။ နယ်မှ ကြွရောက် လာကြသော   သောတရှင်များ အဖွဲ့လိုက် မိတ်ဆက်ကြပြီး၊ မန္တလေး ဗဟိုရ် အကျိုးဆောင်ရုံးမှ တာဝန်ခံ စစ္စတာစီစီလျား စန်းယုမော်မှ ကျေးဇူးတင် စကား ပြောကြားပြီး အခမ်းအနား ရုပ်သိမ်းကြောင်း သိရှိရပါသည်။